ဘားအံ ဩဂုတ် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှုပြိုင်ပွဲတွင် ကရင် ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်(၃)ဦးအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဂုဏ်ပြုထောက်ပံငွေပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်ကိုယ်စားပြုယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင်(၃)ဦးအနေဖြင့် မိမိတို့ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲအတွက် လိုအပ်သောထောက်ပံ့မှုများကိုလည်း မိမိတို့က ရင်ပြည်နယ်အစိုးရအဖွဲ့မှနေ၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲ ဖြစ်သည့်အတွက် ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြဖို့လိုပြီး အနုပညာဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သည့် အနုပညာရှင်များဖြစ်အောင် ကြိုးစားသီဆို ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှုပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အဆိုရှင်(၃)ဦးက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်(၃)ဦးအတွက် ငွေကျပ် ၂၄၈၀၀၀၀ (နှစ်ဆယ့်လေးသိန်း ရှစ်သောင်း)ကို ထောက်ပံ့ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမောင်မောင်က လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဆိုရှင်(၃)ဦးအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးလျှင်ငွေကျပ်(၃) သိန်းစီ ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)