ကျုံပျော် ဩဂုတ် ၂၃
ငါးသယံဇာတ၏ အရေးပါမှုကို ပြည်သူများ သိရှိစေရန်၊ ငါးမျိုးမပြုန်းတီးရေးနှင့် ရေရှည်တည်တံ့နိုင်ရေး ဝိုင်းဝန်းကြိုးစားကြစေရန်အတွက် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ရိုက်ကူးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်းက အဟာရအတွက် ငါးသယံဇာတ၏ အရေးပါမှု၊ လက်ရှိ မြို့နယ်အတွင်း ငါးရိက္ခာထုတ်လုပ် နိုင်မှု၊ ငါးမဖမ်းဆီးရကာလနှင့် တားမြစ်ချက်များ ပြစ်မှု ပြစ်ဒဏ်များကို မေးမြန်းဆွေးနွေးရာ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိမိခိုင်က ငါးစားသုံးခြင်းဖြင့် ရရှိနိုင်သည့် အာဟာရဓာတ်များ၊ ငါးသယံဇာတ၏ အရေးပါမှုများနှင့် လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှုများ၊ ငါးမွေးကန်များအတွင်း ထည့်သွင်းမမွေးမြူသင့်သည့် ငါးမျိုးစိတ်များ၊ ငါးမျိုးပြုန်းတီးစေမည့် တရားမဝင် ရှော့တိုက်ငါးဖမ်းခြင်း၊ ဆေးချငါးဖမ်းခြင်း၊ ရေအောက်တွင် တရားမဝင် ဖောက်ခွဲဖျက်ဆီးသည့်နည်းဖြင့် ငါးဖမ်းခြင်းများ မပြုရေးနှင့် အဆိုပါ နည်းလမ်းများဖြင့် ငါးဖမ်းခြင်း ဆောင်ရွက်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ရေချိုငါးလုပ်ငန်း ဥပဒေနှင့် နှစ်စဉ်အသိပညာပေး ဆောင်ရွက်နေမှု၊ ငါးမျိုးစိုက်ထည့်ပေးနေမှု စသည့်အကြောင်း အရာတို့ကို အကျယ်တဝင့် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ကျုံပျော်မြို့နယ်တွင် လက်ရှိဂရံအင်းပေါင်း (၃၀)ဖြင့် ငါးထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ သဘာဝရေပြင်၊ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတတိုးပွားရေးတို့အတွက် အသိပညာ ပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)