အထက(၁)ကျောင်းတွင် ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

အိမ်မဲ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူး ရအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

“အထက (၁)အိမ်မဲ ကျောင်းဟာ ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်း (၃၁.၄၆) ရှိပြီး ၂၀၂၂ ခုနှစ်မှာ အောင်ချက်ရာခိုင်နှုန်း (၅၇.၈၉)ရှိကာ တစ်မြို့နယ်လုံးအနေနဲ့ အောင်ချက် တတိယဆုရရှိ ကြောင်း “အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စိုး ပြောကြားချက်အရ သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကို ဂုဏ်ပြုသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် အထက(၁) အိမ်မဲ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်စိုးတို့က ဂုဏ်ပြုအဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၄)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၃၀) ဦး၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးသော ဆရာ/မ (၉)ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲများ၊ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အထက(၁) အိမ်မဲကျောင်းတွင်း ပညာရည်ချွန်ဆုများနှင့် ကျောင်းလုံခြုံရေးအတွက် CCTV အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အထက(၁)အိမ်မဲ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)