ကော့သောင်း စက်တင်ဘာ ၁၃
ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားစဉ် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် နေရပ်ပြန်မြန်မာ သင်္ဘောသားအမျိုးသားသုံးဦး ရောဂါသက်သာပျောက်ကင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကော့သောင်းခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ နေရပ်ပြန် မြန်မာသင်္ဘောသားသုံးဦးမှာ တောင်အာဖရိကနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာခဲ့ကြကာ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားစဉ် ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း ဓာတ်ခွဲစစ်ဆေးချက်အဖြေ သတင်း ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး၌ စနစ်တကျ ဆေးကုသမှု ခံယူခဲ့ရာမှ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ရပ်ဝေးမှဖြစ်၍ နေအိမ် စောင့်ကြပ်ကြည့်ရှုခြင်း(၇)ရက်ကိုမူ ကော့သောင်းမြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင်သာ ဆက်လက်ထားရှိ စောင့်ကြည့် မှု ခံယူသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။
ရောဂါပြန်လည်သက်သာပျောက်ကင်းသွားသည့် အဆိုပါသင်္ဘောသားများမှ လူနာအမှတ် 747၊ 748၊ 749 တို့ သုံးဦးဖြစ်ပြီး လွန်ခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးကု သမှု ခံယူနေခဲ့သူများဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)