တမူး သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရမည့် လူငယ်များ ဖြစ်လာစေရေး အတွက် စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေကို ချစ်မြတ်နိုး တန်းဖိုးထားတတ်စေရန် စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကြုံဒေါင်းက လူငယ်နှင့် အားကစား၊ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း အခြေခံရည်ရွယ်ချက်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးတို့ကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ပြသပေးခြင်း၊ ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ရန်အတွက် အားကစားပစ္စည်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို လည်းကောင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရတနာ