ကန့်ဘလူ ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ပြည်သူ့အငှာအိမ်ရာ (၁၂)ခန်း တွဲ (၄)ထပ်၊ အခန်းပေါင်း (၄၈)ခန်းအား ဝင်ငွေနည်းပြည်သူများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့လျှောက်ထားရာတွင် ဝင်ငွေနည်းပြည်သူများ၊ လုပ်သက်(၂၅)နှစ်အထက် အခြေချနိုင်ငံဝန် ထမ်းများ၊ အခြေချအငြိမ်းစားဝန်ထမ်းများ လျှောက်ထားနိုင်ပြီး လျှောက်ထားသူသည် ကန့်ဘလူမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်သူဖြစ်၍ အိမ်ထောင်စုစာရင်းပုံစံ ၆၆ /၆ တွင် ပါဝင်သူဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဦးစီးအရာရှိ(မြို့ပြ)ရုံး လမ်းဦးစီးဌာနတို့၌ စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်နေ့အထိ ရုံးချိန်အတွင်း တင်သွင်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အငှားအိမ်ရာ လျှောက်လွှာတင်သွင်းရာတွင် လိုအပ်သော သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး အငှားအိမ်ရာ နေထိုင်ခွင့်ရရှိရန် ကော်မတီအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးသည့်အခါ အမှန်တကယ်နေရေး အခက်အခဲရှိသူကိုသာ ဦးစားပေးချထားပေးမည်ဖြစ်ပြီး လိမ်လည်လျှောက်ထားခြင်း၊ အမှန်တကယ်နေထိုင်ခြင်း မရှိပါက လျှောက်ထားသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အငှားအိမ်ရာ အဆောက်အအုံသည် ကန့်ဘလူမြို့၏ မြို့ရှောင်လမ်း(တက္ကသိုလ် လမ်းမကြီး) အနောက်ဘက် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ နောက်ကျော ကပ်လျက်တွင် တည်ရှိပြီး အငှားအိမ်ရာ၌ နေထိုင်မည့်သူများ သွားလာရေးအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းထားကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)