ကံမ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းမှာ ကျန်းမာရေးလုပ်သားများအား ကျေးရွာအုပ်စု တစ်အုပ်စုလျှင် တစ်ဦးထားရှိနိုင်ရေး တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ အင်အားဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အခန်းကနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းတွင် တိရစ္ဆာန်ဆေးဝါးနှင့် ကာကွယ်ဆေးများအကြောင်း တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကူးစက်ရောဂါများအကြောင်း၊ နွား၊ သိုး၊ ဆိတ်၊ ဝက်နှင့် တိုင်းရင်းကြက်များအတွက် ကောင်းမွန်သော မွေးမြူရေးနည်းစနစ်များကြောင်း၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပြုလုပ်ခွင့်ရရှိသည့် ခွဲစိတ်ခြင်း နည်းပညာများ နေ့စဉ်မှတ်တမ်းနှင့် လစဉ်မှတ်တမ်း ရေသွင်းနည်းများကို (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)