ငဖဲ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှတာဝန်ခံ ဆရာမဒေါ်မြင့်မြင့်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ နေ့ထူးနေ့မြတ်များ၊ ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ မျောက်ကျောက်ရောဂါ သိကောင်းစရာများနှင့် ဉာဏ်ကောင်းတဲ့ကျီးကန်း ပုံပြင်ကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာပြသထားရှိသော မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး မှတ်တမ်းဓါတ်ပုံများ၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ ရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမ များနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)