ပဲခူး သြဂုတ် ၂၃
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ. ထ. က (၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စု၊ ပဲခူးမှ ရဲမှူး ဆန်းထွန်း က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာများ၊ ဆေးခြောက်ပါဝင် ထုတ်လုပ်ထားသည့်ဆေးဝါးနှင့် လူသုံးကုန်/စားသောက်ကုန်များအား သုံးစွဲဖြန့်ဖြူးမှုမရှိစေရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု၊ ပဲခူးမှ ရဲအုပ် အေးကြည်ပြာသိန်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် ပညာပေးအချက်အလက်များအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အမှတ်(၃၆) မူးယစ်တပ်ဖွဲ့စု၊ ပဲခူးမှ ရဲမှူးဆန်းထွန်း၊ တိုင်းပညာရေးဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီ၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု၊ ပဲခူးမှ ရဲအုပ်အေးကြည်ပြာသိန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းနှင့် ဆရာ / ဆရာမများ၊ ကျောင်းသား / ကျောင်းသူ (၃၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)