ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကမမောင်း ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ “ဒေါက်တာခင်မောင်ညို” ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောရဲဝင်းထွဋ်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင် နော်အိမ့်ခြူးငယ်က လူတိုင်းဟာသူ့ကိုယ်ကို ဗဟိုပြုထားတဲ့ စက်ဝိုင်းပေါင်းများစွာထဲမှာနေထိုင်ကြကြောင်း၊ ဒီစက်ဝိုင်းတွေဟာ တစ်ခုနဲ့တစ်ခုဖုံးထပ်နေကြကြောင်း၊ ကိုယ့်အတွက်ဆိုတဲ့ ပထမစက်ဝိုင်းရှိကြောင်း၊ ဒီစက်ဝိုင်းထဲမှာဇနီး၊ ခင်ပွန်း၊ မိဘ၊ သားသမီးနဲ့ ကလေးတွေပါကြောင်း၊ ဒုတိယစက်ဝိုင်းကတော့ ဆွေမျိုးသားချင်းတွေဖြစ်ကြောင်း၊ ကျွန်တော်တို့တာဝန်တွေထဲမှာ ဘာသာတရားအတွက်ပါဝင်ကြောင်း၊ လူသားအတွက်ပါဝင်ကြောင်း၊ အနာဂတ်အတွက်လည်းပါဝင်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တင်တင်လှ