ပေါက်ခေါင်း ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ က ပေါက်ခေါင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်းရှိ လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဈေးဆိုင်များရှိ သွားတိုက်ဆေးဘူးများတွင် သတ်မှတ်ကုန်အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များသည် မြို့မစည်ပင်သာယာဈေးကြီးရှိ လူသုံးကုန်ပစ္စည်းများဖြစ်သော လေဆာ၊ Signal၊ 3 D၊ Colgate၊ Sensodyne သွားတိုက်ဆေးအမျိုးမျိုးတွင် သတ်မှတ်ထားသောကုန်ညွှန်းအမှတ်အသား တံဆိပ်များရိုက်နှိပ်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်အလေးချိန်ပါဝင်မှု ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှသာ ရောင်းချရန်တို့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချရန်တို့ကို ဈေးဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)