ဂန့်ဂေါတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနှုတ်ပယ်

ဂန့်ဂေါ စက်တင်ဘာ ၁၃

ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုအရ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် ဆင်းသုခ စပါးမျိုး မျိုးစေ့ထုတ် လုပ်ငန်း (၄၆၀) ဧကကို ဆောင်ရွက်လျှက်ရှိပြီး ယခုအခါ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မှ သိရသည်။

မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရာတွင် မျိုးသန့်မျိုးစေ့များ ရရှိရေးအတွက် စပါးပင် အပင် ပွားစည်းချိန်၊ အနှံထွက်ပန်းပွင့်ချိန်နှင့် စပါးနှံများ ရင့်မှည့်ချိန်ကာလတို့တွင် မျိုးကွဲနှုတ်ပယ်ရမည်ဖြစ်ပြီး စပါးပင်သက်တမ်းတစ်လျှောက် စိုက်ခင်းကို အမြဲ မျက်ခြေ မပြတ် ကွင်းဆင်းစစ်ဆေးကာ မျိုးကွဲအပင်၊ ကောက်လေပင်၊ မြက်သီးနှင့် ဆန်နီ စပါးရိုင်းပင်များကို တွေ့ရှိသည်နှင့် ချက်ချင်း နှုတ်ပယ်ပစ်ရန်လိုအပ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ၊ ကန်ကျေးရွာနှင့် တောင်ယာပြင်ကျေးရွာတို့ရှိ ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲနှုတ်ပယ်ခြင်း လုပ်ငန်းကို စက်တင်ဘာ ၁၀ ရက်မှစတင်၍  ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနှမှ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်လျက် မျိုးကွဲနှုတ်ပယ်နည်းများကို လက်တွေ့ပြသ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တောင်သားမောင်သန်း