မော်လိုက် သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ စုံညီခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးမြတ်သူရဇော်က လူကုန်ကူးမှုတားဆီးကာကွယ် ရေးနှင့် ကလေးသူငယ်ဥပဒေရေးရာ အကြောင်းများကိုလည်းကောင်း၊ မြို့နယ် အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ဒေါ်ယဉ်လှက အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်ရေးအကြောင်းကိုလည်းကောင်း၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က Heart ထိအောင် စာဖတ်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစံမင်းအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇေယျာဝင်းက စာဖတ်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းသား/သူလေးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် မျောက်ကျောက် ရောဂါကြိုတင်ကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပါဝင်သည့် နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ တက်ရောက်လာသူများအား ခရိုင်ပြန်ကြားရေးနှင့်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး