စလင်း သြဂုတ် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်တာဝန်ရှိ စစ်ဆေးရေးအဖွဲ့က ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား အကန့်အသတ်ဖြင့်ရောင်းချခြင်းများ ရှိ/မရှိနှင့် ရောင်းချမှုအခြေအနေအား ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်၍ စလင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား အကန့်အသတ်ဖြင့်ရောင်းချခြင်းများ ရှိ/မရှိ ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်းနှင့် စက်သုံးဆီများရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ စျေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
စလင်းမြို့နယ်တွင် ဓာတ်ဆီ၊ ဒီဇယ်၊ ပရီမီယံရောင်းချရာတွင် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ရှိ/မရှိနှင့် သိုလှောင်ထားခြင်းမျိုး မပြုလုပ်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)