သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်

အထက်မင်းလှ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ)လများ အတွက်အဘိုးအဘွား တစ်ဦးလျှင် လူမှုရေးပင်စင်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၆၉၄)ဦးအတွက် စုစုပေါင်း‌ငွေကျပ်(၂၀၈၂၀၀၀၀/-)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများအား အိမ်တိုင်ရာရောက်လိုက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။

ဇာဇာ(အထက်မင်းလှ)