သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ချေးငွေပြန်လည်ထုတ်ပေး

သံတောင်ကြီး ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံ ကိန်း(VRFP)ရန်ပုံငွေ လွှဲပြောင်းပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က သစ်ခေါင်းကျေးရွာ ဘုရားကျောင်းခန်းမတွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက နိုင်ငံတော်၏(ကိုယ်ဗစ်-၁၉)စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောငွေးကြေးအရင်းအနှီးများ ရရှိစေရန်၊ ရရှိသောငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားအောင်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့်ကျေးရွာများ ပိုင်ဆိုင်သောမတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ်ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ  သစ်ခေါင်းကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ချေးငွေများ   ပြန်လည်ထုတ်ပေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၂၅) ဦးအတွက်  ငွေကျပ် (၁၀၄)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၄) ဦးအတွက် ငွေကျပ် (၅၈) သိန်း၊  အရောင်းအဝယ်လုပ်ကိုင်သူ(၆)ဦးအတွက်  ငွေကျပ် (၃၈) သိန်းဖြစ်ပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)တတိယ စက်ဝန်းအတွက်ချေးငွေစုစုပေါင်းငွေကျပ် သိန်း(၂၀၀) ပြန် လည်ထုတ်ပေးခဲ့ကြောင်းသိရသည်။

နော်နော်မူ