ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဥ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ကောလင်း စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား ယမန်နေ့က  တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယစိုက်ပျိုးရေးဦးစီးမှူး ဦးအောင်ကြည်ဝင်း၊ ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများက ဝါးရုံခုံအုပ်စု၊ တောင်သူ ဦးမောင်မောင်၏ ဧရာမင်းမျိုးစေ့ထုတ် စိုက်ကွက်အတွင်း ပိုးမွားအန္တရာယ်ကင်းရှင်းစေနိုင်ရေး၊ ပေါင်းမြက်များကင်းရှင်းစေနိုင်ရေး၊ အပင်ပွားများ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကောလင်းခရိုင်အတွင်း(CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် အရည်အသွေးကောင်းစပါး (၂၇၀)ဧက၊ အထွက်ကောင်းမျိုးစပါး (၇၈၀)ဧက စုစုပေါင်း (၁၀၅၀)ဧက စိုက်ပျိုးထားရှိပြီး၊ ကောလင်းမြို့နယ် မှာ အရည်အသွေးကောင်းမျိးစပါး(၂၉၀)ဧကနှင့် အထွက်ကောင်း မျိုးစပါး(၁၆၀)ဧက စုစုပေါင်း (၄၅၀)ဧကအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး၊ အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မှော်ဘီ၊ ဆင်းဧကရီ-၃၊ ဧရာမင်း စပါးမျိုးများကို စိုက်ပျိုးထားရှိပြီး မျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေး များကိုလည်း ဩဂုတ် ၃၁ ရက်နေ့က ပထမအရစ် ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် နည်းပညာပေးစင်တာအတွင်းရှိ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး၊ မြေဩဇာများ အချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေး၊ သဘာဝ မြေဩဇာများ ကိုယ်တိုင် ပြုလုပ်သုံးစွဲတတ်စေရေးအတွက် နည်းပညာများကို ဖြန့်ဖြူးသင်ကြားပြသပေးလျက်ရှိကြောင်း ကောလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်က ပြောကြားခဲ့သည်။

မြင့်ထွန်းမင်း(ကောလင်း)