ဘုတလင် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ကားအတူ စီးခဲ့သည့် ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာတွင် ကန့်သတ်စောင့်ကြည့်နေရာသို့ ဝင်ရောက်နေသူ တစ်ဦး အပါအဝင် ပြည်ပနိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူ ၁၅၂ ဦးအား ယမန်နေ့ နေ့လယ်ပိုင်းက နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူခဲ့ကြောင်း သိရသည်။
ကန့်သတ်စောင့်ကြည့်နေရာသို့ ဝင်ရောက်နေသူများအနက်မှ ဘုတလင်မြို့၊ မြဝတီခန်းမ ၅ ဦး၊ အင်းတဲ ၃၅ ဦး၊ ကံသာ ၁၃ ဦး၊ သားဖန်း ၄၀ ဦး၊ ကုက္ကိုကျင်း ၂ ဦး၊ လွှဲတဲ ၅ ဦး၊ သားရိုးကုန်း ၄ ဦး၊ ကျီးပင်ချောင် ၇ ဦး၊ သီးပင်အိုင် ၅ ဦး၊ ကံသစ် ၂၄ ဦး၊ သပြေပင် ၉ ဦး၊ မင်းရွေး ၂ ဦး၊ နေပူကုန်း ၁ ဦး၊ စုစုပေါင်း ၁၅၂ ဦးကို နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူပြီး မန္တလေးမြို့၊ ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ကြောင်း၊ မြင်းမူမြို့မှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ Case 2014 နှင့် ကားအတူစီးခဲ့သူလည်း ပါဝင်ပါကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောကြားသည်။
ဘုတလင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် Facility Quarantine ၄၉ ခု ဖွင့်လှစ် ထားရှိပြီး ပြည်ပနိုင်ငံများနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးများမှ ပြန်လည်ရောက်ရှိလာသူ ၂၄၉ ဦးအား ထားရှိ ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)