ကော့ကရိတ် သြဂုတ် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်သူ၏လက္ခဏာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများကျင်းပပြု လုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် BookClub အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်ချမ်းမြေ့က ခေါင်းဆောင်ဆိုသူများနှင့် ငယ်သားများ သိသာစွာကွဲပြားခြားနားကြသည့် လက္ခဏာများတွေ့ရသည့် “ခေါင်းဆောင်သူ၏ လက္ခဏာများ” ခေါင်းစဉ်ပါအကြောင်းအရာကိုလည်းကောင်း၊ ဒေါ်အေးအေးမာက အလေ့အကျင့်ကောင်းတွေ မွေးမြူထူထောင်ပြီး ဘဝကိုမြှင့်တင်နိုင်ရေး အတွက် “အလေ့အကျင့်ကောင်း” ခေါင်းစဉ်တို့အားလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူအဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)