ဒီးမော့ဆို စက်တင်ဘာ ၁၃
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင် အသုံးပြုရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့် Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ဈေးကော်မတီဝင်များက ဈေးရှေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးခြင်း၊ ဈေးအတွင်းသို့ ဝင်ထွက်သွားလာနေသော ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်အသုံးပြုခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ကြသည်။
ဒီးမော့ဆိုမြို့မဈေးသည် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး ဈေးအတွင်းသို့ ဝင်ရောက်လာသည့် ပြည်သူများအနေနှင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုပြီး ဝင်ရောက်ကြရန် အပတ်စဉ် အသိပညာပေးခြင်း၊ စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းများကို ဆောင်ရွက်သည့်အတွက် ဈေးအသုံးပြုသူ ၈၀ ရာခိုင်နှုန်း စည်းကမ်းလိုက်နာသည်ကို တွေ့ရှိရကြောင်း၊ ဒီထက်မက စည်းကမ်းလိုက်နာအောင်၊ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ စနစ်တကျ နှာခေါင်းစည်း တပ်ဆင်အသုံးပြုနိုင်အောင် အရှိန်အဟုန်မပျက် မြို့နယ်အဆင့် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောကြားခဲ့သည်။
ရီရယ်(ဒီးမော့ဆို)