ရေနံချောင်း သြဂုတ် ၂၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ် ရုံးကုန်းကျေးရွာ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စံပြကွက်(၂)ဧကအား ကြည့်ရှု၍ ဒေသခံဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ ပဆင-ဝဂ္ဂေါင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၂၇)တွင် စိုက်ပျိုးထားသည့် တောင်သူဦးဇော်ဝ၏ ငွေချည်(၁၁) ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စံပြကွက်(၂)ဧကအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ရေနံချောင်းမြို့နယ်၏ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များနှင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဉာဏ်ကျော်က ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဒေသခံ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏(၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေ ပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိကလိုအပ်ပါကြောင်း၊ မိုးရာသီမှာ စပါး၊ မိုးနှမ်းနှင့် ဝါသီးနှံများ၊ ဆောင်းသီးနှံရာသီမှာ ကုလားပဲ၊ မတ်ပဲသီးနှံများနှင့် နွေရာသီမှာ စပါး၊ ပဲတီစိမ်း နှမ်းတို့ကို(၁)နှစ်လျှင် (၃)သီး စိုက်ပျိုးလာနိုင်အောင် ကြိုးစားဆောင်ရွက်ခြင်းဖြင့် သီးနှံအထွက်နှုန်းမြင့်မားလာကာ ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု နှိုင်းယှဉ်ပါက အကျိုးအမြတ်များမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒဒေသကြီး ဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ချည်မျှင်ရှည်ဝါစိုက်တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါမျိုးစုံ စုစုပေါင်း (၁၉၄၀၀၀)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၂၁-၈-၂-၂၂)ရက်နေ့အထိ ဝါမျိုးစုံစုစုပေါင်း (၅၈၄၂၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ် စိန်ပန်းပင်ကျေးရွာအုပ်စု ဝဂ္ဂေါင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၆၄.၀၀၀)ဖြင့် ဆောင်ရွက်သည့် ပဆင-ဝဂ္ဂေါင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်