ဘားအံ ဩဂုတ် ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနအလိုက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြဖို့လိုကြောင်း၊ လုံခြုံရေးအသိ၊ လုံခြုံသတိရှိရှိဖြင့် တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်ရန်နှင့် နေထိုင်စားသောက်ရေးတို့တွင် အခက်အခဲများရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြစေလိုပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။
ထို့နောက် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသတွင်းကြုံတွေ့နေရသည့်အခြေအနေနှင့် လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်(၁၀၀)အိတ်နှင့် ဆီ(၁၀၀)ပိသာတို့အား ထောက်ပံ့ပေးအပ်ရာ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကော့ကရိတ်မြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသော နယ်မြေခံတပ်မတော်သားများအတွက် ငွေကျပ် ၁၀ သိန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၀ သိန်းတို့ကို ထောက်ပံ့ပေးအပ်ပြီး တက်ရောက်လာသော ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် နယ်မြေခံတပ်ရင်းဧည့်ခန်းမ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော တပ်မတော်၊ နယ်ခြားစောင့်တပ်(BGF)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြို့လုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးဆိုင်ရာများ စသည်ဖြင့် ဆွေးနွေးမှာကြားပြီး ငွေကျပ်(၃)သိန်းစီအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)