ထားဝယ် သြဂုတ် ၂၂
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်း က လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ် ဖြင့်ဟောပြောခဲ့ရာ “ကျောင်း သား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန် နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာ ဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ရွေ့လျားစာကြည့်တိုက်ဖြင့်လည်း စာအုပ်စာစောင်များကို ကျောင်းသား/သူများလက်ဝယ် အရောက်ငှားရမ်းပေးလျက်ရှိကြောင်းပြောကြားသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမောင်လေးက လူငယ်များအနေဖြင့် ကျောင်းပညာ ရေးအပြင်အားကစားကဏ္ဍအထူးလေ့လာလိုက်စားစေလိုကြောင်း၊ ပြေးခုန်ပစ်အားကစားအဆင့်အတန်းမြင့်မားရေး၊ လေ့ကျင့်အားပြည့်ဝ၍ ခံနိုင်ရည်ရှိသောပြေးခုန်ပစ် အားကစားသမားများဖြစ်လာရေး၊ စည်းကမ်းရှိ၍ အောင်မြင်သော ပြေးခုန်ပစ်အားကစားသမားများ ဖြစ်လာရေး စသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံဆိုင်ရာများပြေးခုန်ပစ်အားကစားနည်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ထားဝယ်မြို့နယ်ဦးစီးမှူး ဦးဝင်းမောင်လေးက အားကစားပစ္စည်းပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူပြီးကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)