ဖြူး ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ရေသျှံကြီး ကျေးရွာအုပ်စု၊ ရေသျှံကြီးကျေးရွာရှိ စိုက်ပျိုးမွေးမြူကြသူတောင်သူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် တိရိစ္ဆာန်များအတွက် အကျိုးရှိစေသော တိရစ္ဆာန်အစာပင် နေပီယာမြက်များ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး စိုက်ပျိုးနည်း လက်တွေ့သရုပ်ပြသပေးခြင်းကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က အဆိုပါ ရေသျှံကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ဖြူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စားဒုတိယဦးစီးမှူး ဦးရဲလွင်ဦးနှင့် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အဖွဲ့များက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသော တောင်သူများက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တောင်သူများအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများက တိရိစ္ဆာန်အစာပင် နေပီယာမြက်သည် တိရစ္ဆာန်များအတွက် အကျိုးရှိကြောင်းနှင့် အုံလိုက်ပေါက်ကာ စိုက်ခင်းတွင်(၅)နှစ်မှ(၆)နှစ်အထိ ပေါက်နိုင်သည့် နှစ်ရှည်ခံပင်ဖြစ်ကြောင်း၊ အရွက်ကြီးခြင်း၊ နူးညံ့ခြင်း၊ စသည့် အရည်အချင်းများရှိကာ ကျွဲ၊ နွား၊ တိရစ္ဆာန်များအား အစာစိမ်းအဖြစ် ခုတ်စင်းကျွေးနိုင်ကြောင်း၊ နေပီယာမြက် တစ်ဧကလျှင် တစ်နှစ်လျှင် တန်(၁၀၀)ကျော် ထွက်ရှိကာ နို့စားနွားမ(၁၀)ကောင် မွေးမြူကျွေးမွေးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး လက်တွေ့စိုက်ပျိုးသရုပ်ပြသပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)