ကော့ကရိတ် သြဂုတ် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လှိုင်ဝ ကျေးရွာအထကခွဲကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထခွဲလှိုင်ဝကျောင်းအုပ်ဆရာမကြီးဒေါ်နန်းနှင်းယုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင် လေးနွယ်က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်တွေ စာတတ်ဖို့သာမက ပညာ တတ်ဖို့ပါ ကြိုးစားကြရေး၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရမည့် လူငယ်များဖြစ်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ထွန်းက အားကစားပြိုင်ပွဲကျင်းပပြု လုပ်ရခြင်းအခြေခံရည်ရွယ်ချက်၊ အားကစားပြိုင်ပွဲပါဝင်ယှဥ်ခြင်း၏ ရရှိသည့်အကျိုး၊ လမ်းလျောက်ခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)