ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်

ကျောက်ကြီး သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနတွင်းဝန်ထမ်းများနှင့် တောင်သူ သင်တန်းသားစုစုပေါင်း ၃၉ ဦးဖြင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း တက်ရောက်ပြီး သီးနှံအထွက်တိုး‌ရေး၊ ဓာတ်မြေသြဇာအကျိုးရှိစွာ သုံးစွဲကြစေရန်နှင့် (သစ်စိမ်းမြေသြဇာ) ပိုက်ဆံလျှော်နှင့် မိသားစု ဆီဖူလုံရေးအတွက် ဆောင်းသီးနှံ နေကြာများ တိုးချဲ့စိုက်ပျိုးဖို့လိုကြောင်း၊ မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် တစ်နှစ်(၃)သီး အောင်မြင်ဖြစ်ထွန်း စိုက်ပျိုးနိုင်ရေးနှင့် တိရစ္ဆာန်အစာအနေဖြင့် နေဗီယာမြက်များ စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင် က စိုက်ပျိုးရေးဦးစီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် တောင်သူနည်းပညာပေး သင်တန်းမှာ ဝန်ထမ်းနှင့် တောင်သူများအား သီးနှံစိုက်နည်းဆိုင်ရာ နည်းပညာရပ်များအား ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ဒေသအတွင်းတောင်သူများအား စပါး(၁)ဧကလျှင် တင်း(၁၀၀)နှင့်အထက် အထွက်နှုန်းတိုးတက်ရေးနည်းလမ်းများ၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျသုံးစွဲတတ်စေရန်နည်းလမ်းများ၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်းနင်းခြင်း နည်းလမ်းများ၊ ဆီထွက်နေကြာ သီးနှံမျိုးစေ့ထုတ်နှင့် အထွက်နှုန်းတိုးအောင် စိုက်ပျိုးခြင်းနည်းလမ်းများ ပို့ချသင်းကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး (၁၀)မိုင် စိုက်ပျိုး၊ မွေးမြူ​ရေးသင်တန်းကျောင်းတွင် သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သည့်၊  သီးနှံစုံစိုက်ပျိုးနည်း သင်တန်းတွင် ပထမဆုရရှိခဲ့သည့် ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နော်လောအယ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ် စိုက်ပျိုးရေးရုံး ဝန်ထမ်းများ၊ ဒေသခံတောင်သူ သင်တန်းသားများ တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တစ်ရက်တာသင် သင်တန်းဖြစ်‌ကြောင်းနှင့် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)