ငရုတ်ကောင်း ဩဂုတ်၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ပန်းမော်ကျေးရွာအုပ်စုနှင့် ကွင်းဘက် ကျေးရွာအုပ်စု တို့တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဝင်မှုနှင့် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ပန်းမော်ကျေးရွာအုပ်စု၊ ပန်းမော်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ အုတ်တံတိုင်း အလျား(၂၇)ပေ၊ အမြင့်(၄)ပေမှာ ပြိုကျပျက်စီးခြင်း၊ ကွင်းဘက်ကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာ တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှု ကြောင့် လူနေအိမ်(၃)လုံးမှာ အမိုးလန်၊ ထရံကာတချို့ပျက်စီးပြီး သမ္ဘာန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေစီးဝင်မှုကြောင့် လူနေအိမ်(၁)လုံး၊ ငါးဖမ်း စက်လှေငယ် (၁)စီး၊ သမ္ဘာန်ကျေးရွာနှင့် ဖောင်တိုးကျေးရွာ ချင်းဆက်သစ်သားတံတားတို့ မျောပါပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား ၎င်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြောင်းရွှေ့နေရာချထားမှုများ ပြုလုပ်ပေးခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သတ်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)