ပဲခူး သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် ပဲခူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်လှိုင်က မိတ်ဆက်စကားပြောကြားခဲ့ပြီး ပဲခူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင် သားဖွားဆရာမ ဒေါ်မေသူဇော်က ကိုယ်ဝန်ဆောင်မိခင်နှင့် (၃)နှစ်အောက် ကလေးငယ်များအား အာဟာရ (၃)အုပ်စု ညီမျှအောင်စားသုံးနိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးလွင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်လှိုင်နှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရ (၃)အုပ်စု ညီမျှအောင် ချက်ပြုတ် သရုပ်ပြ ပြင်ဆင်နေမှုများအား ကြည့်ရှုအားပေးကာ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးလျှင် ဆန် ၁ ပြည်၊ ကြက်ဥ ၁၀ လုံး၊ အိုင်အိုဒင်းဆား ၁ ထုပ်၊ (၃)နှစ်အောက် ကလေးငယ်များအား ပဲနို့နှင့် မုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်