လိပ်သိုမြို့တွင် သမ္မာကျမ်းစာတော်မြတ်နေ့ အထူးအစီစဉ်များပြုလုပ်ဝတ်ပြု

လိပ်သို သြဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဂေခိုဂေဘားသာသနာနယ် ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီက သမ္မာကျမ်းစာတော်မြတ်နေ့ အထူးအစီစဉ်များပြုလုပ်ခဲ့ရာ ကလေးသူငယ်များအား သမ္မာကျမ်းစာသင်ကြားပေးခြင်း၊ သမ္မာကျမ်းစာအား အပြန်အလှန်ရွတ်ဖတ်ခြင်း၊ သက်ကြီးသက်ငယ်ကျမ်းစာရွတ်ပြိုင်ပွဲ ပြုလုပ်ခြင်းနှင့် ဓမ္မတေးသီချင်းများ သီဆိုချီးမွမ်းခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အထူးဝတ်ပြုဆုတောင်းပွဲကိုပြုလုပ်ရာ ဆရာမနော်ဆုမွန်သိန်းက သမ္မာကျမ်းစာတော်မြတ်နှင့်သက်ဆိုင်သော တရားဒေသနာတော်အား ဟောကြားပေးခဲ့ပြီး သိက္ခာတော်ရဆရာတော် စောသန်းလှက အားလုံးအတွက် ဆုတောင်းကောင်းချီးပေးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် သမ္မာကျမ်းစာနှင့်သက်ဆိုင်သော ဓမ္မတေးများဖြင့် သီချင်းသီဆိုပြိုင်ပွဲကိုပြုလုပ်ခဲ့ပြီး ကျမ်းစာရွတ်ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့သောသူများအား ဆုများချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

လိပ်သို (ပြန်/ဆက်)