ပလောက် စက်တင်ဘာလ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၇)နာရီအချိန်ခန့်ကစတင်၍ ဆင်ထိုးကြီး ကျေးရွာရှိ စစ်ဆေး ရေးဂိတ် တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးသည့် ဂိတ်တွင် တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီး ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာနေကြသည့် ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏသန့်ရှင်းစင်ကြယ်စွာဆေးကြောရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည် Mask တပ်ဆင်ခြင်း၊ မရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း၊ တိုင်းပြင်ပမှ တိုင်းအတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း စသည့် လုပ်ငန်း များကို အရှိန်အဟုန်မြင့် နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နှင်းမြူလွင် ပလောက်ပြန်/ဆက်