ပဲခူး သြဂုတ် ၂၂
ပဲခူးမြို့တွင် ယနေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် (၈၈၀)cm အောက်(၈၂၁)cm သို့ ရောက်ရှိလာပြီး ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိဆောင်ရွက်လျက်ရှိသည်။
ပဲခူးမြို့တွင် ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များမှာ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ကျွန်းသာယာ၊ ကလျာဏီနှင့် မြို့သစ်ရပ်ကွက်တို့ဖြစ်ပြီး ယာယီရေဘေးရှောင်စခန်းများအား ရေအနက်ပေမြင့်မားနေသည့် ဇိုင်းဂနိုင်တောင်ပိုင်းရပ်ကွက်တွင် ဖောင်တော်ဦးကျောင်းတိုက်၊ မြို့သစ်ရပ်ကွက်တွင် ဆုတောင်းပြည့်ကျောင်းတိုက်တို့တွင် ဖွင့်လှစ်ထားရှိပြီး ဖောင်တော်ကျောင်းတိုက် ယာယီရေဘေးရှောင်စခန်း၌ အိမ်ထောင်စု(၇)စု၊ လူဦးရေ (၂၆)ဦး၊ ဆုတောင်းပြည့်ကျောင်းတိုက် ယာယီရေဘေးရှောင်စခန်း၌ အိမ်ထောင်စု(၅၀)စု၊ လူဦးရေ (၁၅၀)ဦး ယာယီနေထိုင်နိုင်ရန် စီစဉ်ထားရှိသည်။ ရေဝင်အိမ်ထောင်စုများမှာ ရွှေ့ပြောင်းလိုခြင်း မရှိသေးသဖြင့် ရေအခြေအနေကို စောင့်ကြည့်ကာ လက်ရှိမိမိတို့ နေရာများတွင်သာ နေထိုင်နေသေးကြောင်း သိရသည်။
ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးကြသည့်အပြင် ရပ်ကွက်များအတွင် ရေကင်းများချထား၍လည်း စောင့်ကြည့်လျက်ရှိကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)