ဝန်းသိုမြို့တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးစီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်ကွက် (၂၅၀)ဧကအတွက် ဒုတိယအရစ် ထောက်ပံ့ငွေ ပေးအပ်

ဝန်းသို စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင်  ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုအပေါ်ကုစားမှုအစီအစဉ်ဖြင့် ကျေးရွာပေါင်း (၂၈) ရွာ တွင် မိုးစပါး စီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ် ကွက် (၂၅၀) ဧက စိုက်ပျိုးထားလျက်ရှိရာ အဆိုပါမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအရစ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးဝင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှုးရုံးမှ ဦးစီးမှူး ဦးတင့်ဆွေနှင့် ဒုတိယ ဦးစီးမှူး ဦးစိုးကျော်ဦးတို့က CERP အစီအစဉ်ဖြင့်မျိုးစေ့ထုတ်ကွက် စိုက်ပျိုးမှုအခြေအနေ၊ မျိုးကောင်းမျိုး သန့်စပါးများထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး၊ မျိုးကွဲ နုတ်ပယ်ခြင်းလုပ်ငန်းများနှင့် ပိုးမွှားကျရောက်မှု အန္တရာယ်မှ ကြိုတင် ကာကွယ်ရန်နည်းလမ်းများအကြောင်းတို့ကို ရှင်းလင်း ဆွေးနွေး ခဲ့ပြီး တက်ရောက် လာသော မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်ကွက်တောင်သူများအား နှစ်ကြိမ်ခွဲ၍ ဒုတိယအရစ် မျိုးကွဲနုတ်ပယ်ခနှင့် မျိုးစေ့သန့်စင်ခထောက်ပံ့ငွေကျပ် ၁၆၂၅၀၀၀ဝိ/-တို့ကို  တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်အရ မှော်ဘီ-၂၊  ဆင်းဧကရီ-၃ မျိုးစပါးစိုက်ပျိုး တောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၁၄၈၅၀ဝိ/- ကျပ်နှုန်း၊ ဧရာမင်းမျိုးစပါး စိုက်ပျိုးတောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၁၅၀၅၀ဝိ/-ကျပ်နှုန်း စုစုပေါင်း မျိုးစေ့ ထုတ်ကွက် (၂၅၀)ဧကအတွက် ထောက်ပံ့ငွေကျပ် ၃၇၁၆၅ဝဝဝိ/-တို့ကို မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)