ဘုတ်ပြင်း ဩဂုတ် ၂၂
(၂၀၂၂-၂၀၂၃)ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အဆင့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ခရိုင်အဆင့်အထိမ်းအမှတ်အခမ်းအနားကို အ-ထ-က ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နေ့လယ်အချိန်က ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်အတွက် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့် အတန်းမြင့်မားရေးသည် အလွန်အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်သည် နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းပေါ်တွင် မူတည်သော ကြောင့် မြန်မာနိုင်ငံ၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းနေအရွယ်ကလေးများ၏ ကျန်းမာရေးသည်အလွန်အရေးကြီးကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းဆိုသည်မှာ တစ်နှစ်ပတ်လုံး အကောင်အထည်ဖော်ဆောင်ရွက်ရသောလုပ်ငန်းဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများအရေးပါပုံနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပိုမိုသိရှိလာပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရေး ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ဩဂုတ်လဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် တတိယပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ်အဖြစ်သတ်မှတ်ကာ အထိမ်းအ မှတ်လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာသန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သောအရင်းအနှီးဖြစ်သည့်အပြင် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းလည်းမြင့်မား လာမှာဖြစ်သောကြောင့် ပညာရေးနှင့် ကျန်းမာရေး လက်တွဲပြီး နှီးနွယ်ဌာနအဖွဲ့အစည်းများ၊ မိဘများ၊ အကျိုးတော်ဆောင်များ၊ ပြည်သူများ၏ ကူညီပံ့ပိုးမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ယနေ့ပြုလုပ်တဲ့ ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အခမ်းအနားမှတစ်ဆင့် ကျောင်းကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ မိခင်တွေ၊ ကလေးတွေ၊ ပြည်သူတွေရဲ့ အာဟာရစနစ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရဌာနများ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုကပါ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက ကျောင်းကျန်းမာရေးလှုပ်ရှားမှု၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဧည့်သည်တော်များက အထက်တန်းကျောင်း၌ ခင်းကျင်းပြသထားသည့် ကျောင်းကျန်းမာရေးလှုပ်ရှားမှုနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား ဖြည့်စွက်စာနှင့် သံဓာတ်အားဆေးများပေးအပ်၍ အသက်(၅)နှစ်အောက် မူကြိုကလေးငယ်များအား ဘီတာမင်အေဆေးတိုက်ကျွေးခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အထကကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင်ပရိယတ္တိစာသင်တိုက်သို့သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံသို့ သင်္ကန်းပရိက္ခရာ၊ ဆွမ်းဆန်တော် ဆီနှင့်ပဲ လှူဖွယ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)