ဟင်္သာတ သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ရေး (ရက်တို) သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး အစည်းဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံအနေဖြင့် ၁၉၉၆ ခုနှစ်မှ စတင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် စတင်၍ ဆောင်ရွက်ခဲ့ ကြောင်း ၂၀၀၅ ခုနှစ်တွင် UNCTOC ပါ ပြဋ္ဌာန်းချက်များနှင့် အညီ လူ့အခွင့်အရေးကို အခြေခံပြီး ပြည်တွင်း ပြည်ပ ဥပဒေပညာရှင်များဖြင့် ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ ကြောင်း ထို့ကြောင့် လူကုန်ကူးမှုတားဆီးကာကွယ်နိုင်ရေးနှင့် စိစစ်ဖော်ထုတ်နိုင်ရေးကို တာဝန်ရှိသူ များနှင့် ပြည်သူများ ပူးပေါင်းဖော်ထုတ်နိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ် ရခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ ပြီးနောက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သင်တန်းနည်းပြဆရာ ဒုရဲမှူး ကျော်မျိုးသိန်းက ရက်အလိုက်သင်ကြားပေးမည့် ဘာသာရပ်များနှင့် သင်တန်းချိန်များကို တင်ပြခဲ့သည်။
အဆိုပါ သင်တန်းသို့ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ