စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကော့သောင်း သြဂုတ် ၂၂

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူလတန်းလွန်ကျောင်း(ကြေးနန်းဝင်း)တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ခရိုင်ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများ၊ စာပေမှရရှိနိုင်သည့် အသိပညာ ဗဟုသုတများနှင့် စဉ်စားတွေးခေါ်နိုင်မှုစွမ်းအားများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်ကာ စာပေဖတ်ရှုမှုအလေ့အထများ လူငယ်ထုအတွင်းရှင်သန်လာရေး အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသားလူငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပပေးပြီး မိမိဖတ်ရှုခဲ့သည့်စာအုပ်မှ မိမိ၏နားလည်နိုင်မှုရရှိသည့် အသိပညာဗဟုသုတများကို ကောက်နှုတ်ဆွေးနွေးစေခြင်း စသည့် စာဖတ်ရှိန်မြှင့်တင်လာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)