ပေါက်ခေါင်းမြို့နယ်၌ မိုး‌မြေပဲများစတင်နှုတ်သိမ်း တစ်ဧကတင်း(၆၀)ခန့်ထွက်ရှိ

ပေါက်ခေါင်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးရွာများရှိ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူများ ယခုရက်ပိုင်းအတွင်း စတင်နှုတ်သိမ်းနေပြီဖြစ်ရာ မိုးဦးမိုးရွာသွန်းမှု အားကောင်းသောကြောင့် အပင်ဖြစ်ထွန်းမှုနှင့် ဥနှုန်းအား‌ကောင်းသဖြင့် ရောင်းချသည့်အချိန်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိကြောင်း မိုး‌မြေပဲစိုက်တောင်သူတစ်ဦးထံမှ ကြားသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးဦးမိုးရွာသွန်းမှု အားကောင်းသောကြောင့် မိုးမြေပဲကို မေလလယ်မှ စတင်စိုက်ပျိုးခဲ့ကြောင်း၊ မိုးမြေပဲစိုက်ပျိုးချိန်မှစတင်၍ မိုးရေချိန်၊ အပူအအေးမျှတသဖြင့် အပင်နှင့်အသီးဖြစ်ထွန်းမှု အားကောင်းခဲ့ကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရသည်။

" မိုးမြေပဲကို  မေလလယ်က စတင်စိုက်ပျိုးပြီး‌တော့ စတင်စိုက်ပျိုးချိန်ကနေ  အခုနှုတ်သိမ်းချိန်ထိ (၃)လကြာမြင့်ပါတယ်၊ ခုနှစ်က စိုက်စရိတ်ရယ်၊ ပိုးသတ်ဆေး၊ မြေဆီ‌ဈေးတွေ ပိုပြီးအသုံးပြုရတယ်၊‌ ဈေးမြင့်လာတယ်ပေါ့၊ ဒီနှစ်မြေပဲပေါ်ချိန်မှာတော့ (၁၈)ပြည်တင်းနဲ့ တစ်တင်းကို(၃၀၀၀၀)ကျပ်ဈေးနဲ့ ရောင်းရတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ (၂၀၀၀၀)ကျပ်ပဲ ရတယ်၊‌ အထွက်နှုန်းကတော့ ယခုနှစ် တစ်ဧကကို တင်း(၆၀)ကျော်လောက် ထွက်ပါတယ်" ဟု အင်ငါးခွကျေးရွာ မိုးမြေပဲစိုက်ပျိုးသည့်တောင်သူ ဦးအေးလွင်က ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲ (၁၅၃၃၄)ဧကကို တောင်သူများ၏ လယ်ယာစိုက်ပျိုးမြေများတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)