ငရုတ်ကောင်းမြို့တွင် တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ရေနစ်မြှပ်လျက်ရှိသော အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်

ငရုတ်ကောင်း ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးရွာတွင် ဩဂုတ် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ်များသို့ ရေများဝင်ရောက်နစ်မြှပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်မြှပ်ခဲ့သည့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ထောင်စု(၈၀)အတွက် ထောက်ပံ့ငွေ(၆၄၄၇၀၀)ကျပ်၊ ဆပ်ပြာအတောင့်(၈၀)နှင့် ပြိုကျပျက်စီးသွားသော အိမ်ထောင်စုများ အတွက် (၄)သိန်း(၁)သောင်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၄)ပုံးတို့အား ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦး‌ဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြသည်။ ပြီးနောက် ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် မြို့အဆင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ(၄)သိန်း(၃)သောင်းကျပ်နှင့် အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေ(၅)သောင်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ငရုတ်ကောင်း)