ဝန်းသို စက်တင်ဘာ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေ ပြည်သူများ၏ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် နွေရာသီသောက်သုံးရေ ပြတ် လပ်မှုမရှိစေရေးအတွက် ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် (ရေရရှိရေး လုပ်ငန်း) ၄လက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေရရှိရေးလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ( ငွေလုံးငွေရင်း)ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၁၃.၈၅) သန်းဖြင့် တင်ဒါအောင်မြင်သည့် ဆန်းသစ်ခေတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၄ လက်မ စက်ရေတွင်းအပြင် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလံ(၂၀၀၀)ဆံ့ရေစုကန်တစ်ခု၊ (၁၀ပေ×၈ပေ ×၈ပေ) အကျယ်အဝန်းရှိသော ရေစက်ရုံ တစ်ခုတို့ကို ယခုလကုန်အပြီးသတ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လက်ရှိအချိန်၌ ၄ လက်မစက်ရေတွင်း တူးဖော်လျက်ရှိရာတွင် အနက်ပေ ၂၀၀ ရောက်ရှိနေပြီး ပေ ၄၀၀ အထိတူးဖော်ရန် ခန့်မှန်းထားကြောင်း၊ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၆၅)အိမ်၊ လူဦးရေ (၂၉၈)ဦး အတွက် ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)