ပန်းတောင်းမြို့နယ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး

ပန်းတောင်း သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ပဲကြီးအင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နှင့် ကျောက်စရစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊  ညွှန်ကြားရေးမှူး ဦးမျိုးအောင် ဦးဆောင်၍ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့​ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ပန်းတောင်းမြို့နယ်အတွင်း ပဲကြီးအင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာလူထုနှင့် တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ကျောက်စရစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)