ပွင့်ဖြူ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဩဂုတ် ၂၂ ရက်၊ ယနေ့နံနက် ၉ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲခြင်းနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်/ ဓာတ်ပုံပြပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ပြုလုပ်ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသားကျောင်းသူများ ပြင်ပ စာပေအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး ဗဟုသုတရရှိစေမည့် သုတ/ ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး လတ်တလော ကမ္ဘာ့အနှံ့ဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ကူးစက်ခံရပါက ခံစားရမည့်ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါမဖြစ်ပွားအောင် တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မျောက်ကျောက်ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဆေးခန်းများသို့ သွားရောက်ပြီး စစ်ဆေးကုသမှုများ ဆောင်ရွက်သွားရန်၊ အလားတူ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေး သတိပြုရမည့် အချက်များနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန် စသည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများနှင့် စာပေသိမှတ်ဖွယ်ရာများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားစေရေး မျောက်ကျောက်ရောဂါနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါအကြောင်း သိကောင်းစရာများ ပညာပေးနံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူများက အားလပ်ချိန်တွင် စာပေလေ့လာဖတ်ရှုနိုင်ရန်အတွက် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်ရာ သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )