မြိတ် စက်တင်ဘာ ၁၃
စက်တင်ဘာလ(၁၃)ရက်နေ့၌ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်း အမှတ် အသိပညာပေး Online Talk Show အစီအစဉ်ကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန တွင် ယမန်နေ့ နံနက်(၉)နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် ပြည်သူလူထုအတွင်း အသိပညာပေးခြင်း၊ ပြပွဲပြခန်းများ၊ ဟောပြောပွဲများ မပြုလုပ်ရသည့် အတွက် Online Talk Show အစီအစဉ်ဖြင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးကို online မှတဆင့် ပညာပေး ရိုက်ကူးတင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။
အသိပညာပေး အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး Online Talk Show အစီအစဉ်ရိုက်ကူး တင်ဆက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်(မြိတ်)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် ကျော်ဇင်ဦးမှ လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများအကြောင်းနှင့် မြိတ်မြို့ ဉပဒေအရာရှိ ဒေါ်ချိုချိုစန်းက လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဆွေးနွေးပြောကြားကြသည်။
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်ဖြင့် ရိုက်ကူးခဲ့သည့် အသိပညာပေး Online Talk Show အစီအစဉ်ကို မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာနှင့် မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူမှုကွန်ယက် စာမျက်နှာ တို့တွင် ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )