မုံရွာ ဩဂုတ် ၂၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မုံရွာမြိူ့နယ်အတွင်းရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးခြင်း အခမ်းအနားနှင့် (ဓာတ်မြေဩဇာ+သဘာဝမြေဩဇာ) စနစ်တကျရောစပ်ပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများအနေနဲ့ နိုင်ငံတော်နှင့် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ စီစဉ်ပေးသော စျေးနှုန်းချိုသာစွာဖြင့် တောင်သူများလက်ဝယ်အရောက် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးလျက်ရှိရာတွင် ရာသီအလိုက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေးအတွက် အကျိုးရှိရှိ စနစ်တကျရောစပ်သုံးစွဲကြစေကြောင်းနှင့် သင်တန်းမှာ လက်တွေ့ပိုချတဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း အလေးထားသင်ယူကြကာ အသိပညာဗဟုသုတများကိုလည်း မိမိတို့နှင့် နီးစပ်ရာတောင်သူများသို့ လက်ဆင့်ကမ်းဖြန့်ဝေပေးသွားကြဖို့ တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဓာတ်မြေဩဇာ+သဘာဝမြေဩဇာ စနစ်တကျရောစပ်ပြုလုပ်သုံးစွဲခြင်း နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်း စပ်လျဉ်ပြီး တက်ရောက်လာသော တောင်သူများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ၎င်းဓာတ်မြေဩဇာများအား သဘာဝမြေဩဇာများဖြင့် စနစ်တကျရောစပ်၍ အလေအလွှင့် ဆုံးရှုံးမှုနည်းပါစေရန်ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မုံရွာမြိူ့နယ်အတွင်းရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးခြင်းတွင် မြို့နယ်အတွင်း တောင်သူဦးကြီးများ၏ စိုက်ပျိုးထားသော စပါး၊ နေကြာ၊ ဝါသီးနှံများ အထွက်နှုန်းတိုးပွားစေရေးအား အထူးအလေးထား၍ ရောင်ချဖြန့်ဖြးပေးခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာမှ တောင်သူ(၁၂၂)ဦးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မုံရွာမြိူ့နယ်အတွင်းရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို လက်ဝယ်အရောက် ရောင်းချပေးအပ်ခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များ အသီးသီးတင်ပြမှုအပေါ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မုံရွာမြိူ့နယ်အတွင်း စိုက်ပျိုးလျက်ရှိသော၊ ဝါသီးနှံ၊ နေကြာသီးနှံတို့နှင့် စပ်လျဉ်းပြီး ဘက်စုံပိုမွှားအန္တရာယ်များအကြောင်း သိကောင်းစရာများနှင့် ဓာတ်မြေဩဇာ+သဘာဝဓာတ်မြေဩဇာ စနစ်တကျပြုလုပ်သုံးစွဲခြင်း နည်းပညာများကို လက်တွေ့ပြသ ရှင်းလင်းဟောပြောပြီး တောင်သူများ၏ သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ရောင်းချပေးလျက်ရှိ ပထမကြိမ်(၂၅၀)အိတ်၊ ဒုတိယအကြိမ်(၅၀၀)အိတ်တို့ကို တောင်သူလက်ဝယ်အရောက် ရောင်းချပေးနိုင်ခဲ့ပြီး ယနေ့တတိယကြိမ်အဖြစ် စုစုပေါင်းယူရီးယားဓာတ်မြေဩဇာ (၁၂၀၀)အိတ် ရောင်းချပေးမှာဖြစ်ကြောင်းနှင့် တောင်သူများလက်ဝယ်သို့ ရက်သတ္တပတ်တစ်ပတ်ကြာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)