ရေကြည် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား /ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၁) တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး အောင်ချက်အကောင်းဆုံးကျောင်း (၃)ကျောင်းနှင့် နိုင်ငံတော်အဆင့် ဆဠမနှင့် တိုင်းဒေသကြီးအဆင့် ပထမဆုရရှိသူနှင့် (၆)ဘာသာဂုဏ်ထူးရှင် (၄)ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြည်ကြည်ထွန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့မှ (၅) ဘာသာ ဂုဏ်ထူးရှင် (၈)ဦးအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့မှ (၄)ဘာသာဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ (၁၄)ဦးတိုအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)သာသာ ဂုဏ်ထူးများဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ များကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ် အတိုင်းအတာအနေဖြင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူ (၄၂၂)ဦးရှိပြီး ဂုဏ်ထူးများဖြင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများကိုလည်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ထူးချွန်ကျောင်းသား/ကျောင်းသူများ ကိုယ်စား မောင်ကောင်းစည်သူဟိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ ကဗျာလွတ်အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)