ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ပခုက္ကူ ဩဂုတ် ၂၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းအမှတ်စဉ်(၄/၂၀၂၂)သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၃နာရီအချိန်က ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ တိုင်းရင်းသား ရိုးရာအထည်များနှင့် ရက်ကန်းအတတ်ပညာများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ရက်ကန်းအတတ်ပညာရပ်များဖြင့် မိသားစုဝင်ငွေ တိုးပွားစေရေးကိုယ်ပိုင်လုပ်ငန်းငယ်များ ဖန်တီးထူထောင်လုပ်ကိုင်နိုင်စေရန်၊ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး၊ ရက်ကန်းဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေ ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေ‌ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက်  ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက  သင်တန်းဆင်းအောင်လက်မှတ်များကို လည်းကောင်း၊ လက်ထောက်အင်ဂျင်နီယာ ဦးလင်းထက်အောင်က သင်တန်းထွက်ကုန်ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းနည်းပြ ဒေါ်စုမြတ် ညိမ်းက သင်တန်းအကောင်းဆုံးဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများ ကိုယ်တိုင်လက်တွေ့ဖန်တီးချုပ်လုပ်ထားသည့် အဝတ် အထည်များကို လိုက်လံရှင်းလင်းပြသသည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ(၂၀)ဦးတက်ရောက်ခဲ့ကြပြီး ၂၀၂၂ခုနှစ်၊ ဇူလိုင်လ၂၂ရက်နေ့မှ ဩဂုတ်လ(၂၀)ရက်နေ့ အထိ သင်တန်းကာလတစ်လအတွင်း အမျိုးသမီးဝတ်ရင်စေ့နှင့် ဝတ်ရင်ဖုံးအင်္ကျီများ ၊ချိတ်စကပ်၊လေးလွှာစကပ်၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီတို၊ဘောင်းဘီရှည်၊ လုံချည် ပတ်လည်ဒေါက်၊လုံချည်ခွဒေါက်စသည့် အခြေခံစက်ချုပ်နည်းပညာများကို စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်းနှုန်း သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းများအနေဖြင့် တစ်နှစ်လျှင် သင်တန်းသားသူ(၂၀) ဦးစီဖြင့် ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သင်တန်းတစ်ကြိမ်နှင့် သင်တန်းသား၊ သူ(၁၀)ဦးစီဖြင့် လက်ရက်ကန်း ခြောက်လသင်တန်းနှစ်ကြိမ်တို့ကို နှစ်စဉ်ပုံမှန်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ ပုံမှန်ရက်ကန်းသင်တန်းများအပြင် သဘာဝဆိုးဆေးနှင့် ဓာတုဆိုးဆေးသင်တန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်သင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ဝါးလက်မှုထည်သင်တန်းစသည့် ကာလတိုသင်တန်း များကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အခမဲ့အဆောင်နေထိုင်ခွင့်အပြင် နိုင်ငံတော်က တစ်လလျှင် ငွေကျပ်(၃၀၀၀၀)စီ ထောက်ပံ့ပေးအပ်ခြင်း၊ မိမိတတ်မြောက်သော ရက်ကန်းပညာများဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်း လုပ်ကိုင်နိုင်စေရေး ရက်ကန်းစင် (၁)စင်စီ‌ ထောက်ပံ့ပေအပ်ခြင်း၊ အလုပ်အကိုင်အခွင့်လမ်းရရှိစေရန် မိမိဌာနမှဝန်ထမ်းများ ခေါ်ယူသည့်အခါ အလုပ်သွင်း ပေးခြင်း၊ ပုဂ္ဂလိကပိုင်စက်ရုံ၊အလုပ်ရုံများတွင်ဝင်ရောက်လုပ်ကိုင်နိုင်ရေးချိတ်ဆက်ပေးခြင်း၊ တစ်ပိုင်တစ်နိုင်ရက်ကန်းလုပ်ငန်း ထူထောင်လုပ်ကိုင် လိုသူများ အား ရက်ကန်းဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီပေးခြင်းစသည့် လုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)