လက်ပံတန်း ဩဂုတ် ၂၁
ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုအတွက် ဝန်ထမ်းများနှင့် တောင်သူများအား နည်းပညာပေးမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက ချမ်းသာကုန်းကျေးရွာ စိုက်ပျိုးရေးပညာပေး စခန်း၌ ဖွင့်လှစ်သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ သာယာဝတီခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်က သင်တန်းမိတ်ဆက် အမှာစကားပြောကြားကာ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
လက်ပံတန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စိုက်ပျိုးသီးနှံများ ရည်မှန်းချက်အတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ရာ ရာသီစိုက်ပျိုးသီးနှံအမျိုးအစားအလိုက် စိုက်ပျိုးရေး နည်းပညာဆိုင်ရာများကို စာတွေ့လက်တွေ့ လုပ်ငန်းကျွမ်းကျင်ရန်အတွက် ဝန်ထမ်း များနှင့် တောင်သူများကို သင်တန်းပို့ချခြင်းဖြစ်ပြီး တောင်သူများမှလည်း ကျေးရွာများတွင် တောင်သူမှ တောင်သူသို့ နည်းပညာများကို လက်ဆင့်ကမ်း မျှဝေသွားရန်ရည်ရွယ်၍ သင်တန်းပို့ချခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က ပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ ညှိနှိုင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)