ပွင့်ဖြူ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဩဂုတ်၂၁ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ကျောင်းသား ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် အားလပ်ချိန်များတွင်လည်း အသိပညာတိုးပွားစေသည့် သုတ/ရသစာအုပ်စာပေများကို လေ့လာ ဖတ်ရှုကြရန်နှင့် စာပေလေ့လာဖတ်ရှုလိုပါက မိမိတို့ဌာနရှိ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင်အခမဲ့ လာရောက် ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်း က ကျောင်းသားကျောင်း သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသောက် ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဆင်ခြင်သတိပြုရမည့် အချက်များ၊ စားသုံးရန်မသင့်သည့် အစားအစာများကို ဝယ်ယူစားသုံးပါက ခံစားရမည့်ရောဂါ ဆိုးကျိုးများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် စားသုံးသူများ၏ အခွင့်အရေးများ၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချရာ၌ ပါရှိရမည့် ကုန်အညွှန်း အမှတ်အသားများ စသည့် စားသုံးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများက အစားအစာ ဘေးကင်းလုံခြုံရေးနှင့် စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ မြို့နယ်စားသုံးသူ ရေးရာတာဝန်ခံ ဒေါ်ဌေးဌေးဝင်း က ပြန်လည်ရှင်းလင်းဖြေကြားပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )