ကော့ကရိတ် သြဂုတ် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက် အထက (၂)ကျောင်းခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်တွေစာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရေး၊ အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရမည့် လူငယ်များ ဖြစ်လာစေရေးအတွက် ရည်မှန်းချက် ရည်ရွယ်ချက်များ ထားရှိရေး မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ထွန်းက အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း အခြေခံ ရည်ရွယ်ချက်၊ အားကစားပြိုင်ပွဲပါဝင်ယှဉ်ခြင်း၏ ရရှိသည့်အကျိုး၊ လမ်းလျှောက်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)