တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

ကော့သောင်း  ဩဂုတ်   ၂၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်း ပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆက်ကပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ရှေးဦးစွာ ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့ နိဗ္ဗာန်အေးကျောင်းတိုက် ဆရာတော်ထံ ဝန်ကြီး ချုပ်ဦးမြတ်ကို သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့သည်။

လှူဒါန်းပွဲကို ကျောင်းတိုက်ရှိဆရာတော် သံဃာတော်များ၊ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဝန်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဝန်ကြီးချုပ်က  လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဝန်ကြီးချုပ်က ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဒါန်းမှုအစုစုအတွက် ဧည့်ပရိသတ် အပေါင်းတို့က ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ လှူဒါန်းပွဲကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေပြည်သာရပ်ကွက်ရှိပတ္တမြားပရိယတ္တိစာသင်တိုက်နှင့် ရွှေပြည်စိုးကျေးရွာ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား ကြည်ညိုခဲ့ကြပြီး ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆက်ကပ် လှူဒါန်းသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်ရှိ ပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီး ကျောင်း(၇)ကျောင်းမှ သံဃာတော်(၃၁၅)ပါးတို့အတွက် သိန်း (၅၀)ကျော် တန်ဖိုးရှိ ဆွမ်းဆန် တော်၊ ဆီနှင့်ပဲများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)