တနင်္သာရီတိုင်းဒေသကြီးဝန်ကြီချုပ်ဦးမြတ်ကို ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကော့သောင်း သြဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်း ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမတွင် နယ်စပ်ဒေသ ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်သည်။

အစည်းဝေးတွင် ကြီးဝန်ကြီချုပ်ဦးမြတ်ကိုက လက်ရှိအချိန်ကာလတွင် တနင်္သာရီတိုင်းအတွင်း ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအနက်  ကော့သောင်းနယ်စပ် တစ်ခုတည်းသာ ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ဆောင်လျက် နိုင်ငံတော်အတွက် အခွန်ငွေများ ရှာဖွေပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်ပမာဏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွက် သွင်းကုန်ပမာဏ အခွန်အခရရှိမှု ကွာဟချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်ရေး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ တရား မဝင်လမ်းကြောင်းများမှ ပို့ကုန်သွင်းကုန်များဝင်ထွက်မှု မရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ပို့ကုန်ကဏ္ဍတွင် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းနှင့် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုတွင် လည်းကောင်း၊ သွင်းကုန်ကဏ္ဍတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းမှုများတွင် ဒေသသုံးပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်ပေါ်အောင် ကြပ်မတ်စိစစ်ကာ ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိရေး အောက်ခြေတာဝန်ရှိအဖွဲ့အစည်းများ အနေဖြင့်နိုင်ငံတော် အတွက်ရရှိမည့်အခွန်အခများ လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး အထူးသတိပြု ဆောင်ရွက်ကြစေလို ပါကြောင်းပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများတွင် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုလုပ်ငန်းများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် ကုန်သွယ်မှုကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ရသည့် ဌာနဆိုင်ရာများဖြစ်သည့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်နိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ဝိုင်းဝန်းအကြံပြု တင်ပြဆွေးနွေး ခဲ့ကြရာ ဝန်ကြီးချုပ် ဦးမြတ်ကိုက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်စိုး(ကော့သောင်း)