လှိုင်းဘွဲမြို့ ဇွဲမာန်ဘော်လုံးအားကစားကွင်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကျင်းပ

လှိုင်းဘွဲ ဩဂုတ် ၂၁              

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်းစုံ မိုးရာသီဘောလုံးပြိုင်ပွဲအဖြင့်  မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ဇွဲမာန် အားကစားကွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ စုပေါင်း၍ ဘောလုံးအားကစားပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြို့နယ်အဆင့်မှ ပြည်နယ်အဆင့် လက်ရွေးစင်ဘောလုံးအားကစား သမားများ ပေါ်ထွက်လာစေရန်၊ လူငယ်လူရွယ်များ အားကစားကဏ္ဍကို စိတ်ပါဝင်စားလာစေရန်၊ ကရင်ပြည်နယ်အတွင်းနှင့် မြို့နယ်များ အတွင်းရှိ ဘောလုံးအားကစားအဆင့်အတန်း ပိုမိုမြှင့်မားလာစေရေးနှင့် နိုင်ငံဂုဏ်ဆောင် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် ပြုလုပ်ကျင်းပခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက်  နောင်တိုင်ကျောင်းဆရာတော် ဥူးဣန္ဒြာစာရ၊ အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ) ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့၊ အမှတ်(၂) တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး စောကြာအင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး သိန်းထွန်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန်နှင့်  မြို့မိ၊ မြို့ဖများက မြန်မာ့ လက်ရွေးစင် U-16 ဘောလုံးအားကစားသမား စောမျိုးဇော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မြို့နယ် ဂုဏ်ဆောင် ဘောလုံးသမား(၆)ဦးနှင့် ဂျူဒိုပြိုင်ပွဲ(၄၈)ကီလိုဝိတ်တန်းတွင် ငွေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော နော်သက်ထားမျိုး တို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌  ဘော်လုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားသွားကြမည့် ဘော်လုံးအသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြပြီး မြို့ပေါ် ရပ်ကွက်များနှင့်  ကျေးရွာများမှ ဘောလုံးအသင်း စုစုပေါင်း(၃၀)သင်းတို့က ဩဂုတ်လ ၂၀ ရက် နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)